Friday, 8 April 2011

ချက်တင်မထိုင်ဘဲ ဘာလုပ်ကြမလဲ

အစောပိုင်းခေတ်ကာလတွေကတည်းက လူငယ်တွေရော ၊ လူကြီးတွေပါ အိမ်ရှေ့ကွပ်ပျစ် လရောင် အောက်မှာတစ်မျိုး၊ လူစုံရာ လက်ဖက်ရည်ဝိုင်းတွေမှာ တစ်သွယ် ရောက်တတ်ရာရာ စကားဝိုင်းလေးတွေ ဖွဲခဲ့ကြဖူးပါတယ်။ တောင်စဉ်ရေမရ လျှောက်ပြောကြတာတွေ ရှိသလို၊ ဗဟုသုတရဖွယ်၊ လေ့လာမှတ်သားဖွယ်ရာတွေနဲ့ စည်ကားသိုက်မြိုက်ခဲ့တာတွေလည်း ရှိကြပါတယ်။ အခုနောက်ပိုင်း IT ခေတ်ကို ရောက်လာပြန်တော့လည်း အနီးအနားမှာရှိကြတဲ့သူတွေချင်း မျက်နှာစုံညီတွေ့ဆုံ စကားပြောကြတဲ့ အဆင့်ကို ကျော်လွန်ပြီး Internet ဆိုတာကြီးရဲ့ အကူအညီနဲ့ ကမ္ဘာကြီးကို ဆွဲချုံ့ပစ်လိုက် ကြတယ်။ Online ပေါ်မှာ Forum လို့ခေါ်တဲ့ စကားဝိုင်းလေးတွေ ဖန်တီးပြီး အချင်းအချင်းစကားပြောကြတယ်။ ဆွေးနွေးကြတယ်။ ဟိုရောက် ဒီရောက်တွေ ရှိသလို၊ လေးနက်မြင့်မားတဲ့ အတွေးအခေါ်တွေ ၊ ခက်ခဲနက်နဲတဲ့ ပညာရပ်တွေ စတဲ့ တန်ဖိုးရှိတဲ့ ဆွေးနွေးမှုလေးတွေကိုပါ အဲဒီစကားဝိုင်းလေးတွေ မှာ တွေ့ရတယ်။ ကမ္ဘာအနှံ့ဖြန့်ကျက်ထားတဲ့ ကွန်ယက်ကြီး ( World Wide Web ) ထဲမှာ Forum ဆိုတဲ့ စကားဝိုင်းလေးတွေ အလျှိုလျှို ပေါ်လာတဲ့ အထဲမှာ ကမ္ဘာအရပ်ရပ်ကို ရောက်နေကြတဲ့ ကျွန်တော်တို့မြန်မာ လူမျိုးတွေ မြန်မာလိုပြောဆိုဆွေးနွေးကြဖို့ Forum စကားဝိုင်းလေးတွေလည်း ပေါ်ပေါက်လာပါတယ်။ အဆိုပါ ဖိုရမ်တွေကို ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်ဆွေးနွေးချင်တယ်ဆိုရင်တော့ ပထမဆုံး အနေနဲ့ အဲဒီဆိုက်တွေကို သွားပြီး register ဆိုတဲ့ နေရာကို click လုပ်ပြီး လိုအပ်တဲ့ ဒေတာတွေကို ဖြည့်ရမှာဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ Email လိပ်စာကို ကိုယ်အမှန်တကယ်သုံးနေတဲ့ မေးလ်လိပ်စာကို ပေးဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖိုရမ်ရဲ့ administrator တွေက ကိုယ့် account ကို activate လုပ်ဖို့ အတွက် မေးလ်တစ်စောင် ပို့ပေးမှာဖြစ်ပါတယ်။ ဖိုရမ်က Admin ပို့လိုက်တဲ့ မေးလ်မှာ ပေးထားတဲ့ Link ကို နှိပ်ပေးလိုက်မှ ကိုယ့် account က active ဖြစ်မှာ ဖြစ်ပါတယ်။ တစ်ခါ register လုပ်ပြီးလို့ ကိုယ့် account ကိုလည်း Activate လုပ်ပြီးပြီဆိုရင်တော့ နောက်ပိုင်းတွေမှာ log in ဆိုတဲ့ နေရာလေးကို နှိပ်ပြီး ကိုယ့်ရဲ့ username နဲ့ password ကိုထည့်လိုက်မယ်ဆိုရင် အဲဒီဖိုရမ်မှာ ကိုယ်ကပါ ၀င်ရောက်ဆွေးနွေးလို့ ရသွားပါပြီ။ ဖိုရမ်တွေထဲမှာ သူများတွေ ပေးထားတဲ့ခေါင်းစဉ် (Topic ) တွေကို နောက်ကနေ ၀င်ဆွေးနွေးရင်ရသလို၊ ကိုယ်ကိုယ်တိုင်လည်း ဆွေးနွေးစေချင်တဲ့ ခေါင်းစဉ်ကို စတင်ပေးလို့ရပါတယ်။ ဖိုရမ် တွေမှာ သက်ဆိုင်ရာ ဖိုရမ်ရဲ့ ကြီးကြပ်သူ Admin တွေက အဆင်ပြေသလို စီစဉ်ပေးထားတဲ့ ခေါင်းစဉ် အကြီးတွေ ရှိသလို၊ အဲဒီခေါင်းစဉ်ကြီးတွေရဲ့ အောက်မှာ အသုံးပြုသူ (Member) တွေ ထပ်ထပ်တင်ပေးထားတဲ့ ခေါင်းစဉ် ( Topic) လေးတွေ ရှိပါတယ်။ ဥပမာအနေနဲ့ ကိုယ်က ကွန်ပြူတာ OS window 7 အကြောင်းကိုဆွေးနွေးချင်တယ်ဆိုရင် ပထမဆုံး ခေါင်းစဉ်ကြီးထဲကိုသွားပြီး သူများတွေ စဆွေးနွေးထားတဲ့ ခေါင်းစဉ်ရှိ မရှိကို အရင်ဆုံးရှာကြည့်ပြီး ရှိရင်လည်းသူ တို့နောက်ကနေ ထပ်မံဆွေးနွေးသွားနိုင်ပါတယ်။ ခေါင်းစဉ်မရှိရင်လည်း New Topic ( အသစ်ရေးသားမည်) ဆိုတာလေးကို နှိပ်ပြီး ကိုယ်ကြိုက်ရာ ခေါင်းစဉ်အသစ်ကို ကိုယ်ကစပြီးဆွေးနွေးလို့ရပါတယ်။ အခြားစိတ်ပါဝင်စားသူတွေက ဖတ်မိပြီး သူတို့ ဆွေးနွေးချင်တာတွေရှိရင် ထပ်မံဝင်ရောက်လာပါလိမ့်မယ်။ ဖိုရမ်ကို နေရာပေါင်းစုံက လူမျိုးစုံ ၀င်ရောက်ဖတ်ရှု ဆွေးနွေးကြတာကြောင့် တစ်ခါတစ်ရံ သဘောထားကွဲလွဲမှုတွေ ၊ ငြင်းခုန်မှုတွေ ပြင်းထန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မျိုးမှာတော့ ဖိုရမ်ကို တာဝန်ယူ တည်ဆောက်ထားတဲ့ Admin အနေနဲ့ ပို့စ်တွေကို ဖြတ်တောက်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ဖိုရမ်ထဲမှာ ကိုယ်တစ်ခုခု သိချင်တာ ရှိရင်လည်း ခေါင်းစဉ် အသစ်ကလေး တင်ပြီး မေးမြန်း၊ အကြံဥာဏ်တောင်းခံတာမျိုးတွေကိုလည်း လုပ်လို့ရပါတယ်။ ကမ္ဘာအရပ်ရပ် မှာ ရှိကြတဲ့ ဒီဖိုရမ်ကို သုံးစွဲနေကြသူတွေ အားလုံးက သူတို့သိသမျှ မှတ်သမျှကို ၀င်ရောက် ဆွေးနွေးပေးကြပါလိမ့်မယ်။ နောက်တစ်ခုက ဖိုရမ်မှာ ၀င်ရောက်ဆွေးနွေးကြသူအချင်းချင်းဟာ အပြင်မှာ လူချင်းမတွေ့ကြဖူးကြရင်တောင် အတွေးအခေါ်ချင်း ဖလှယ်ဖြစ်နေကြတဲ့အတွက် စိတ်ချင်းကတော့ ရင်းနှီးပြီးသားတွေဖြစ်နေကြတတ်ပါတယ်။အဲဒီအတွက် နောက်ပိုင်းစိတ်တူရာ စုကြပြီး လူမှုရေးလုပ်ငန်းလေးတွေ လုပ်ကြတဲ့ အစုအဖွဲ့လေးတွေ ဖိုရမ်တွေကနေ ပေါ်ပေါက် လာကြတာကို တွေ့ရပါတယ်။ အဲဒီလိုအခါမျိုး အဲဒီအစုအဖွဲ့လေးတွေရဲ့ ကိစ္စ ရပ်တွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တွေကို အားလုံးသိအောင် တင်ပြတာမျိုး၊ အချင်းချင်း ပြောဆို ဆွေးနွေးဆုံးဖြတ်ကြတာ မျိုး၊ အချင်းချင်း ပြောဆို ဆွေးနွေးဆုံးဖြတ်ကြတာမျိုးတွေကိုလည်း ဖိုရမ်တွေမှာ လုပ်လာကြပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ Blog ဆိုတဲ့စကားလုံးနဲ့ မိတ်ဆက်ပေးရမယ်ဆိုရင် Blog ဆိုတဲ့စကားလုံးဟာ Web blog ဆိုတဲ့ စကားလုံးအတွဲအဆက်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အများစုကတော့ အွန်လိုင်း ဒိုင်ယာရီလို့ အဓိပ္ပာယ် ဖွင့်ကြတယ်။ Blog တွေကို အသင်းအဖွဲ့ ၊ အစုအဖွဲ့ တစ်ခုကနေ လုပ်ကြတာထက် တစ်ဦးတစ်ယောက်ချင်းစီကနေ Personal အနေနဲ့လုပ်လာကြတာ ပိုများပါတယ်။ Web Site တွေလို Domain Name လည်း ၀ယ်စရာမလို ၊ Web Hosting ကြေးလည်း မပေးရ ၊ လုပ်ရတာလည်း အဆင်ပြေလွယ်ကူလွန်းတဲ့အတွက် အခုနောက်ပိုင်းမှာ Blog တွေရဲ့ အရေအတွက်က များသထက် များလာပါတယ်။ Online ပေါ်က တစ်ကိုယ်ရေမှတ်တမ်းလေးတွေ ကို Blog ( ဘလော့ဂ်) လို့ခေါ်ပြီး၊ အဲဒီ Blog တွေကို အမြဲတမ်း update လုပ်ပေးနေသူကို Blogger (ဘလော့ဂါ) လို့ ခေါ်ပြီး ၊ အဲဒီ Blog တွေကို Update လုပ်ခြင်း၊ ၀င်ရောက်လည်ပတ်ခြင်းတွေကိုတော့ Blogging (ဘလော့ဂင်း) လို့ခေါ်ပါတယ်။ ဖိုရမ်တွေ ထဲမှာ ၀င်ရောက်ဖတ်ရှုဆွေးနွေးရတာဟာ ဗဟုသုတရသလို၊ ကိုယ်တိုင်ရဲ့ အတွေးအခေါ်၊ အသိအမြင်စွမ်းရည်ကိုလည်း မြင့်တင်ရာ ရောက်ပါတယ်.။ တစ်ဦးနှင့်တစ်ဦးကြား အပြုသဘော ဆောင်ပြီး ဆွေးနွေးငြင်းခုန်ခြင်းရဲ့ အနှစ်သာရ ကိုလည်း ပြန့်ပွား စေပါတယ်။ အစွဲအလမ်းကြီးတဲ့၊ အစွန်းရောက်တဲ့ အတွေးအခေါ်ရှိသူအချို့ကြောင့် မလိုလားအပ်တဲ့ ပြဿနာလေးတွေ ရှိတတ်တာက လွဲလို့ ကောင်းတဲ့အကျိုးကျေးဇူးတွေ များစွာကိုရစေပါ တယ်။ လူငယ်တွေအနေနဲ့ အင်တာနက်ဆိုင်တွေကိုသွားပြီး ချက်တင်တွေထဲမှာ အရည်မရ၊ အဖတ်မရတွေ ၊ အီစီကလီတွေနဲ့ အချိန်ကုန်နေမယ့်အစား Forum (စကားဝိုင်း) လေးတွေ ထဲကိုသွားပြီး သူများတကာတွေ ဆွေးနွေး ထားကြတာတွေကိုဖတ် ၊ ကိုယ်ကိုယ်တိုင် ပြောချင်တာလေးတွေ ဆွေးနွေး ချင်တာလေးတွေ ရှိရင်လည်း ၀င်ပြောရင်း ဆွေးနွေးခြင်းရဲ့ အနှစ်သာရကို အပြည့်အ၀ ရယူနိုင်ကြမယ်ဆိုရင် အားလုံးအတွက် သိပ်ကို ကျေနပ်စရာကောင်းလိမ့်မယ်။

                           (နေမျိုး -သံလွင်)
                စံပယ်ဖြူ မဂ္ဂဇင်းမှ ကူးယူတင်ပြပါသည်။

0 comments:

Post a Comment

 
-